ဝါသနာအရ လုပ်ကြည့်နေသည့် ဘလော့ဂ် တစ်ခုသာ ဖြစ်ပါသည်။

Tuesday, April 28, 2009

Venice သို့ ရောက်ခဲ့စဉ် (၂)

ကျွန်တော်တို့ ဗင်းနစ် ရဲ့ အဓိကနေရာ Piazza San Marco (St Mark's Square) ကို ရောက်တော့ နေက တက်နေဖြစ်နေပြီ၊ အနေအထားအရ ဘယ်လိုမှ ကိုယ်လိုချင်သလို ရိုက်လို့မရခဲ့ဘူး၊ ရိုက်တဲ့ ကင်မရာကလည်း ကလေးရိုက်တဲ့ ကင်မရာလေးဆိုတော့ ထင်သလောက် ခရီး မပေါက်ဖူးပေါ့။

စိတ်ကြိုက် မရခဲ့ဘူးလို့ ဆိုရင် .................
(သူ့ကိုယ်သူများ ပရော်ဖက်ရှင်နယ်များ အောင်းမေ့နေသလားမသိ၊ လက်ရာကတော့ ကလေးရိုက်ချက်ကမှာ သူ့ပုံတွေထက်သာအုံးမယ်။)

ဘာဘဲဖြစ်ဖြစ် အားပေးမှုကို မျှော်လင့်နေပါတယ်။

ကျွန်တော်နဲ့ အတူတူသွားခဲ့တဲ့ သူတွေကတော့ ဗင်းနစ်ကို ထပ်သွားအုံးမယ်ဆိုဘဲ၊ ကျွန်တော်လည်း ထပ်တော့ သွားချင်သေးတယ်၊ သွားဖြစ်အုံးမယ်လို့လည်း မျှော်လင့်ပါတယ်။

သွားဖြစ်ရင် မိတ်ဆွေတွေအတွက် အမှတ်တရ တစ်ခုခုတော့ ရအောင် ယူလာခဲ့မယ်နော်.........











ဒီမြင်းတွေက အစစ်တွေ မဟုတ်ပါဘူး။၊ မြင်းအစစ်တွေက museum ထဲမှာပါ။ အဆောက်အဦ ထဲဝင်တော့ ပန်း (၁၀)မျိုး အမျိုးမျိုးပေါ့။ တစ်ချို့လည်း ရွှေအစင်းနဲ့ ရွှေအစစ်ချထားတာဆိုဘဲ။ လက်ရာတွေက တော်တော် ကောင်းပါတယ်။ ဓါတ်ပုံမရိုက်ရဘူးဆိုတော့ မရိုက်ခဲ့ရဘူး၊ ပုဂံအနန္ဒာဘုရားထက် အနုစိပ်တယ် ရှေးကျတယ်ဆိုတော့ နဲနဲတော့ မခံချင်ဘူး၊



အောက်ကပုံကိုတော့ သီးခံပြီး ကြည့်ပါခင်ဗျာ၊ ကြော်ငြာဝင်တာမဟုတ်ပါဘူး၊
ဒီမြင်ကွင်းပုံ ဒီပုံဘဲရှိလို့ပါ

Tuesday, April 21, 2009

Venice သို့ ရောက်ခဲ့စဉ်

၁၇-၄-၂၀၀၉ ရက်နေ့ည ရောမမြို့ကနေ ရထားနဲ့ သွားပြီး၊ ၁၈-၄-၂၀၀၉ ရက်နေ့ နံနက် အစောကြီး ရောက်သွားတာပေါ့၊
တစ်နေကုန် လျှောက်လည်ပြီး ညရထားစီး ရောမကို ပြန်လာခဲ့ကြတာ၊ မြို့ခံကတော့ ညအိပ်လာဖို့ခေါ်ပါတယ်၊ ကိုယ့် အုပ်စုက များတော့ မအိပ်ဖြစ်ခဲ့ဘူး၊ လိုက်ပို့တဲ့ ကိုအောင်ကျော်ဦးနဲ့ ဇနီးချောကို ကျေးဇူးတင်ပါတယ်။

ကျွန်တော် Venice မှာ ကိုယ်တိုင်ရိုက်ခဲ့တဲ့ ပုံလေးတွေ မိတ်ဆွေများ ကြည့်ဖို့ တင်ထားလိုက်ပါတယ်၊ အားပေး ပါခင်ဗျာ။


ကျွန်တော်တို့ စီးတဲ့ရထား

နံနက် ဒီလိုအချိန်မှာ Venice ကို ရောက်သွားတယ်

နဲနဲလင်းလာပြီ


ကျွန်တော်တို့စီးဖို့ စောင့်နေတဲ့ မော်တော်ဘုတ်

ကျွန်တော်တို့ကို စောင့်နေတဲ့ Gondola လှေလေးတွေ

ဒါကတော့ TAXI ပါ

လှေ၊ တံတားနဲ့ တိုင်

လမ်းကြားထဲကတိုက်

ဟိုဘက်ကမ်းလား ဒီဘက်ခြမ်းလား

စီးချင်လိုက်တာ၊ ယူရို ၁၀၀ အနည်းဆုံးဆိုတော့ အိမ်မက်ထဲမှာဘဲ စီးတော့မယ်နော်
(အပေါ်နဲ့ အောက်ပုံ)



ဒီတံတားက ဦးရန်းနားတံတား (ခရမ်းမြို့) နဲ့ ခတ်ဆင်ဆင်
သူတို့က လာကျီစယ်နေတယ် (အပေါ်နဲ့ အောက်ပုံ)



အိမ်မက်ထဲက မမ

ကျွန်တော့ ကင်မရာ ဘက်ထရီ ကုန်သွားလို့ အောက်ကပုံတွေ ကျွန်တော် ဟမ်းဖုန်းနဲ့ ရိုက်ထားတာပါ၊ သီးခံပြီး အားပေးပါနော်
ဘာနဲ့ရိုက်ရိုက် ကျွန်တော့ လက်ရာကတော့ ပြောင်းလဲမှု မရှိပါဘူး၊ ယုံနော်.......

ဒီခြင်္သေ့ ကိုတော့ ရဲရဲကြီး ဝေဖန်ရဲပါတယ် ဦးပေါ်ဦးလို မြစ်ဟိုဘက်ကမ်း ခုန်မကူးဘူး


အဲဒီနေရာမှ ရေနာရီ၊ နေနာရီဆိုတာ ရှိတယ်ဆိုလားဘဲ၊ ရှင်းပြမဲ့သူ မစောင့်ဘဲ ကိုယ်က ရှေ့ကသွားတာ မသိလိုက်ဘူးဗျာ

အော်........ဗင်းနစ်၊ ဗင်းနစ်

ဦးရဲကြီးနဲ့ ဈေးသည်တွေ ပြေးတမ်းလိုက်တမ်းကစားတာ မြင်ခဲ့ရတယ်

မလှဘူးထင်ရင် ကျွန်တော်ရိုက်တာ မကောင်းလို့ပါ

သင်္ဘောရယ် ရွက်လေးလွှင့်လိုက်ပါလားလို့ အော်ပြောတာ မကြားဘူးဗျာ

Piazza San Marco (St Mark's Square) မှာ ရိုက်ခဲ့တဲ့ ပုံတွေ နောက်မှတင်ပေးပါမယ်ခင်ဗျာ၊

အားပေးတဲ့အတွက် ကျေးဇူးပါ။

Friday, April 17, 2009

အချစ်သော့တံတား (၀ါ) Ponte Milvio padlocks

ကျွန်တော် ဒီနေ့ မိတ်ဆွေတွေကို တကယ့် romantic ဆန်တဲ့နေရာလေးကို အလည်ခေါ်သွားမယ်နော်… မိတ်ဆွေများလည်း မရောက်ဖူးတောင်မှ သိမယ် ထင်ပါတယ်။ “ အချစ်သော့တံတား ” လို့ ဒီပို့စ်မှာအမည် ပေးထားတဲ့ ပွန်တေမီဗရို Ponte Milvio Bridge လေးပါ။









လူတိုင်းအချစ်နဲ့ မကင်းနိုင်သလို ကျွန်တော် မောင်မောင် တစ်ယောက်လည်း အချစ်နဲ့ ဘယ်ကင်းနိုင် မလဲလေ… ဒါကြောင့် မိတ်ဆွေတွေကို ကျွန်တော် ရောမမှာရှိတုံး အလည်တစ်ခေါက် ပို့ဖြစ်အောင် ပို့လိုက်တာပါ…




ဒီတံတာလေးက ရောမမြို့ နေရာအနှံ့ဖြတ်စီးနေတဲ့ တိုင်ဗာမြစ် Tiber ပေါ်မှ ရှိတဲ့ တံတားတွေအနက် ရှေးအကျဆုံး၊ အရေးအပါဆုံး (most important) တံတား လေးတစ်ခုပေါ့။

အရေပါဆုံးဆိုတော့ ဒီတံတားလေးက အချက်အချာ ကူးသန်းရောင်းဝယ်ရာ တံတားတစ်ခု ဖြစ်နေလို့ပါလား…ဒါကြောင့်လည်း ဖြစ်မယ်မထင်၊ ဒီတံတားလေးက လမ်းလျှောက်လို့ဘဲ ရပါတယ်၊ မည်သည့်ယာဉ်မှ ဖြတ်ကျော် မောင်းနှင်လို့ မရပါဘူး၊

206 B. C တုံးက စတင် တည်ဆောက်ခဲ့တဲ့ ဒီတံတားလေကို ဘယ်လောက် တန်းဖိုး ထားသလဲဆို လွန်ခဲ့တဲ့ သုံး၊ လေး လလောက်က မိုးတွေ တအားရွာပြီး တိုင်ဗာမြစ် ရေကြီးတဲ့အချိန် ဒီတံတားလေး တစ်ခုခု ဖြစ်မှာစိုးလို့ စိုးရိမ်စိတ်နဲ့ လာကြည့်တဲ့ ရောမသူ၊ ရောမသားတွေ ကမ်းလုံးညွတ် မတတ်ဘဲ ရှိခဲ့တယ်။



သူတို့ဘာကြောင့် ဒီတံတားလေးကို တန်ဖိုးထားကြသလည်းဆိုတော့ ဒီတံတား လေးက ” အချစ်နဲ့ မကင်းလို့ပါဘဲ ” လို့ ဆိုချင်ပါတယ်။
စာရေးဆရာ Federico Moccia ရဲ့ ၀တ္ထုနဲ့ ရုပ်ရှင် "I Want You" ကြောင့် အချစ်နဲ့ မကင်းတဲ့ တံတားလေး အဖြစ် အသစ် ပြန်လည် မွေးဖွားပေးခဲ့တယ်လို့ ဆိုရမလားမသိ …..



များစွာတဲ့ ချစ်သူစုံတွဲတွေဟာ ဒီတံတားလေးကိုလာ၊ သူတို့ရဲ့ အမည်နာမတွေ သော့ခလောက်မှာရေး၊ တံတားရဲ့ မီးတိုင် (lamppost) မှာ သော့ကိုခတ်လိုက်ပြီး၊ သော့ချောင်းတွေကို တိုင်ဗာမြစ်ထဲ ယုံကြည်မှု အပြည့်နဲ့ ပြစ်ချခဲ့ကြတယ်၊ သော့မရှိတော့တဲ့အတွက် သော့ခလောက်လို ပြန်ဖွင့်လို့မရ၊ မြဲမြံစွာ ရှိနေသလို သူတို့တွေရဲ့ အချစ်မေတ္တာဟာလဲ အဆုံးအစမရှိ ခိုင်မြဲစွာ တည်ရှိနေအောင် နှစ်ယောက်သား အသေအချာ ပြုလုပ်လိုက်ပြီးပြီဆိုတဲ့ ယုံကြည်ချက်အပြည့်ပေါ့။



” မောင်…… မေ တို့ရော သော့ခတ် ရအောင်လေ ” လို့ ပြောလာတဲ့ ချစ်ဇနီးရဲ့ အသံလေး ကြားယောင် နေမိတယ်၊





ဒီတံတားပေါ်မှာ ရောင်းနေတဲ့ သော့တွေ ကိုယ် စိတ်မချဘူးမေရယ်… မြန်မာပြည်က အာမခံသော့ ပြန်မှာပြီးမှ လာခတ်ကြ တာပေါ့လို့ ” နှစ်သိမ့်လိုက်ရ တယ်။






သော့တွဲတွေ ဘယ်လောက် များသလဲဆို မီးတိုင် (lamppost) ဟာ သော့တွဲ တွေရဲ့ အလေးချိန်ကို မခံနိုင်လို့ လဲကြတဲ့ အထိပါဘဲ၊ ဒါကြောင့် အခုနောက်ပိုင်း မီးတိုင်မှာ သော့ခတ်ခွင့် မပြုတော့ဘဲ၊ မီးတိုင်ခြေ၊ တံတားပေါ်မှာဘဲ ပုံမှမြင်ရတဲ့ အတိုင်း ခတ်ထားကြတဲ့သော့တွေ ……….



မိတ်ဆွေတို့လဲ သော့ခတ်ချင်ရင် ကျွန်တော့စီ ပို့ပေးပါ၊ မိတ်ဆွေတို့ ကိုယ်စား ကျွန်တော် ခတ်ပေးပါ့မယ်။
ချစ်သူတိုင်း ပေါင်းရပါစေ၊ ချစ်မေတ္တာ ခိုင်မြဲပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

Thursday, April 16, 2009

မိတ်ဆွေတွေကို လိုက်ပို့ချင်ပါတယ်

ရောမကို ရောက်လာတဲ့ ဧည့်သည်တွေကို ကျွန်တော်လိုက်ပို့လေ့ရှိတဲ့ နေရာတွေထဲက အချို့ရဲ့ ဓါတ်ပုံလေးတွေ တင်ပေးလိုက်ပါတယ် ..
တစ်ချို့ကလည်း ကြည့်ချင်ကြတယ်...အားပေးပါ......















Wednesday, April 15, 2009

ချိန်ခွင်လျှာ ဘယ်သို့ယိမ်း

ကျွန်တော့ရဲ့ မိတ်ဆွေများအတွက် အောက်ကပုံလေး တင်ပေး လိုက်ပါတယ်
(ဒီပုံလေးကို ကျွန်တော် ဗာတီကန် မှာ ရိုက်ထားတာပါ။)



ဒီပုံလေးမြင်တာနဲ့ ချိန်ခွင် (Scales) ကတော့ မျှတခြင်း၊ တန်းတူရှိခြင်း၊ ညီမျှခြင်း ကို ဖေါ်ညွှန်းပြီး၊ တုတ်တံ (Stick) ကတော့ ဥပဒေကို ကိုယ်စားပြုတယ် ဆိုတာ ကျွန်တော်တို့ရွှေတွေ မပြောပြလဲသိမှာပါ….



ကျွန်တော် ပြောချင်တာ တစ်ခုဘဲ ရှိပါတယ်။ ဒါက “ ချိန်ခွင်လျှာ ဘယ်မှ မယိမ်း” တာ အကောင်းဆုံးလို့ …….. ဆိုလိုချင်တာက “ အမှန်တရား ” ပေါ့။


မှန်ကန် ပြည့်စုံစွာ သိရှိအောင် အချိန်အတိုင်းအတာ တစ်ခုကို စောင့်ပြီး ချင့်ချိန် တွေးဆကြပါ၊ ထင်ကြေးနဲ့ ဆုံးဖြတ် မလုပ်ကိုင်ကြပါနဲ့၊ မျှတစွာ ပြောဆိုဆောင်ရွက်ကြပါ၊ တစ်ဦးနဲ့တစ်ဦး နားလည်မှု လွဲမှားမှုများ ကျဉ်းမြောင်းနိုင်သမျှ ကျဉ်းမြောင်းအောင် ဆောင်ရွက်ကြပါလို့ အကြံပြုချင်ပါတယ်ဗျာ…....

နောက်ပြီးတော့လေ …. မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဆိုတဲ့ စကားနဲ့ အညီ မိတ်ဆွေများ တစ်ဦးနဲ့ တစ်ဦး ချစ်တတ်ကြပါစေ……

မေတ္တာ = မရောက်သေးသော ဒုက္ခများ မရောက်အောင် ကြိုတင် ဆောက်ရွက်ခြင်း။

ကရုဏာ = ရောက်နေသော ဒုက္ခများကို ပပျောက်အောင် ၀ိုင်းဝန်း ဆောင်ရွက်ခြင်း။

မုဒိတာ = အောင်မြင် ချမ်းသာ ပျော်ရွှင်သည်ကို တွေ့လျှင် ကြည်နူး ကျေနပ်ခြင်း။

ဥပေက္ခာ = မိမိကို ထိခိုက်စေသည့် ကိစ္စများကို အပြစ်မတင်ဘဲ ခွင့်လွှတ်ခြင်း။

ဒီ အထက်က အင်္ဂါ (၄)ရပ်နဲ့ညီမှ အမှန်တကယ်ချစ်တတ်ပြီလို့ ဆိုပါတယ်၊ ခက်တာက ဒီအင်္ဂါ (၄)ရပ်ကလည်း မဂ္ဂင်(၈)ပါး၊ (၂၄)ပစ္စည်းနှင့် သတိပဋ္ဌာန်(၄) ပါး ကျွမ်းကျင်မှသာ အထက်ပါ အင်္ဂါလေးရပ် ပြည့်စုံနိုင်တယ် ဆိုတော့ ခက်သားဘဲ၊

(မဂ္ဂင်(၈)ပါး၊ (၂၄)ပစ္စည်းနှင့် သတိပဋ္ဌာန်(၄) ပါး တို့ဆိုတာတွေ ကျွန်တော် သိအောင်လုပ်ရအုံးမယ်၊ ကျွန်တော် ဒီဘလော့ဂ်က ကူးထားတာ http://aung-myay.blogspot.com/ :p) ကျွန်တော်နှစ်သက်တဲ့ ဘလော့ဂ် လေးပါ၊)

မိတ်ဆွေများအားလုံး အချစ်ရဲ့ အနှစ်သာရကို ခံစားနိုင်ကြပါစေ။

မိတ်ဆွေများအားလုံး တကယ်ချစ်တတ်တဲ့သူတွေ ဖြစ်ကြပါစေ။

အချစ်ကြောင့် လောကကြီး သာယာလှပပါစေ။

ရေးချင်းတာရေးထားတာပါ။

အဆုံးတိုင်ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Monday, April 6, 2009

ငလျင်သတင်း

ဒီနေ့ ငလျင် သတင်းကြားလို့ ဖုန်းဆက်သတင်းမေးတဲ့ မိတ်ဆွေများကို ကျေးဇူးတင်ပါ တယ်ဗျာ၊

အိပ်လို့ကောင်းတုံးအချိန်၊ မနက် ၃ နာရီခွဲလေ၊ ညကလည်း အိပ်တာနောက်ကျတယ်၊ ၁၁း၃၀ လောက်မှ အိပ်ရာဝင်ဖြစ်တယ်၊ တော်တော်နဲ့ အိပ်မပျော်၊ နှစ်ယောက်သား အိပ်နေလိုက်တာ၊ ငလျင်လှုပ်တဲ့ အချိန်က ကျွန်တော်သာ အသာလေး နေလိုက်မယ် ဆိုရင် အတူအိပ်နေတဲ့ အချစ်လေးတောင် သိမယ် မထင်ဘူး၊း)

ပထမဆုံး သတိထားမိတာက ကုတင်ကြီးက လှုပ်လာတယ်၊ ဟ ငါလည်း လှုပ်ရှားမှု မရှိ အိပ်နေတာပါဆိုပြီး၊ ဘေးက ဇနီးချောကို မိန်းမ နင်လှုပ်တာလား၊ နင်လှုပ်တာလားလို့ မေးတဲ့အချိန်၊ ဟ...ဟ ကုတင်တင် မကတော့ဘူး၊ အိမ်ကြီးလဲ လှုပ်နေပြီး၊ ပြူတင်းပေါက်တွေ၊ နရံကပ် ဘီဒိုတွေလည်း အသံတွေမြည် တုန်လှုပ်နေပြီ၊ တစ်ချို့ အိမ်တွေ alarm တွေ ထမြည်နေပြီ၊ ငလျင်လှုပ်တာ သေချာပြီပေါ့၊

ဘာလုပ်ရမလဲ၊ ကုတင်အောက်ဝင်ရမှာလား၊ ထပြီးတော့ဘဲ ဆင်းပြေးရမှာလား၊



ဟူး…တော်ပါသေးတယ်၊ ဗဟိုချက်က မိုင် ၅၀ ၊ ၆၀ လောက် ကွာသွားလို့၊
ကျွန်တော် နေတဲ့ ရောမမြို့ကနေ ကီလိုမီတာ ၁၀၀ (မိုင် ၆၀) အကွာ
L’ Aquila မှာ လှုပ်သွား တာပါ။ ရစ်စတာစကေး ၅.၈ လို့ ပြောတာဘဲ၊
တစ်ချို့သတင်းတွေမှာတော့ ၆.၃ တဲ့။



အော်တိတ်ဆိတ်တဲ့ည၊ အိပ်ကောင်းတဲညလေးကို ဖျက်းဆီးပြစ်လိုက်ပါဘိ၊
ဆက်ကြိုးစားအိပ်ခဲ့ပေမဲ့…စိတ်ထဲ ရန်ကုန်မှာရှိတဲ့ သမီးနဲ့
(၇)လွှာရှိတဲ့ကန်ထရိုက်တိုက် အမြင့်ကြီးကို
မျက်စိထဲမြင် စိုးရိမ်ပူပန်မိလိုက်တယ်၊
အမေနဲ့အဖေသာ အခုရေးထား တာသိရင်
ကိုယ့်သမီးကြတော့ကို
စိတ်ပူတတ်သားဘဲလို့
ပြောမှာသေချာတယ်။


တစ်ချို့ဓါတ်ပုံတွေဆို မြင်မကောင်းလို့ မဖေါ်ပြတော့ပါဘူးဗျာ၊



ယခုအချိန်ထိ လူ (၉၀)လောက်သေသွားပြီတဲ့ဗျာ၊ သနားပါတယ်၊ အော် သဘာဝဘေးဒါဏ်၊ သဘာဝဘေးဒါဏ်၊ အင်္ဂါနေ့မှာ သေတာ (၂၀၀) ကျော်သွားပြီတဲ့။ ဒီနေ့ (၈-၄-၂၀၀၉) (၂၅၀) ကျော်သွားပြီတဲ့။

ငါတို့ နာဂစ်နဲ့စာရင် ဘာရှိသေးလို့လဲလို့ စိတ်ထဲမှာ အတွေးဝင်မိသေးတယ်၊
ဘာဘဲဖြစ်ဖြစ် လူဘ၀အသက်တစ်ချောင်း ရခဲတယ်မဟုတ်လား၊

အီတလီဝန်ကြီးချုပ် ဆီလ်ဗီယို ဘာလူစကိုနီ (Silvio Berlusconi) က နိုင်ငံကို အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီး၊ သူ့ရဲ့
ရုရှားနိုင်ငံ ခရီးစဉ်ကိုဖျက်၊ ငလျင်ဘေးသင့်ဒေသကို သွားရောက်အားပေးနေတဲ့ သတင်းတွေ ထုတ်လွှင့်ပြသနေပါတယ်။

ပုပ်ရဟန်းမင်းကြီး ဘန်နဒစ် (Benedict) ကလည်း သေဆုံးဒဏ်ရာရသူတွေအတွက် ဆုတောင်းပွဲ ကျင်းပခဲ့ပါတယ်။

ဗွီအိုအေ သတင်းအရ အမေရိကန်သမ္မတ အိုဘားမား (Barack Obama) က ငလျင်ကြောင့် သေဆုံး ပျက်စီး ဆုံးရှုံးမှုတွေအတွက်
ဝမ်းနည်းကြောင်း သ၀ဏ်လွှာ ပေးပို့တယ်လို့ ဆိုပါတယ်။

အခု ငလျင်လှုပ်သွားတဲ့ ဒီမြို့လေးက ရှေးဟောင်းမြို့လေးတစ်မြို့၊ ဘယ်လောက်လှပသလဲဆိုရင် မိတ်ဆွေ ခံစားလို့ရအောင် အောက်ကဓါတ်ပုံလေးတင်ပေးလိုက်ပါတယ်၊ ကျွန်တော်လဲ မရောက်ဖူးပါဘူး။း)