ဝါသနာအရ လုပ်ကြည့်နေသည့် ဘလော့ဂ် တစ်ခုသာ ဖြစ်ပါသည်။

Saturday, March 28, 2009

ဘလော့ဂ်ကို ထုံးသုတ်ခြင်း

ကျွန်တော် အခုရက်ပိုင်း ကျွန်တော့ရဲ့ ဘလော့ဂ် လေးကို အသက်သွင်းနေပါတယ်။ နှစ်သစ်သင်္ကြန်လဲ နီးပြီ မဟုတ်လား၊ နှစ်သစ်မှာ ဘလော့ဂ်လေးလဲ သစ်သစ်လွင်လွင် ဖြစ်ပါစေတော့ဆိုပြီး ... ပေါင်းသင်မြက်ရှင်း နေတာပါ။ သစ်သစ်လွင်လွင် ဆိုတာကလည်း ကိုယ့်စိတ်ထဲမှာ ကိုယ်ဘဲ သစ်လွင်တယ်လို့ သတ်မှတ်တာပါ။

တစ်နေ့က ဧည့်သည်တစ်ယောက်လာတာနဲ့ ကိုယ်ကလူခံဆိုတော့ သူ့ကို ဟိုဒီပို့တုံး ကြုံတာနဲ့ ဓါတ်ပုံလေးတွေ ရိုက်ဖြစ်ခဲ့တယ်၊ ဒါနဲ့ ဘလော့ဂ်ကို ထုံးသုတ်ချင်စိတ် ပေါက်လာလို့ အဲဒီဓါတ်ပုံလေးတွေ တင်လိုက်ပါတယ်၊ အားပေးပါခင်ဗျာ........



























Wednesday, March 25, 2009

တစ်ခုခုတော့…. မှားပြီထင်

ကျွန်တော် တစ်ချိန်က ဌာနမှာ အမြင့်ဆုံးတာဝန် ထမ်းဆောင်သွားတဲ့ သူတစ်ယောက်ရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်စဉ်…

တစ်နေ့…

ကျွန်တော်ဖုန်းလာလို့ ကိုင်လိုက်တဲ့အချိန်…… တစ်ယောက်သောသူက ကျွန်တော့ လူကြီးနဲ့ စကားပြောချင်လို့၊ ဘယ်သူဘယ်ဝါပေါ့၊ ကျွန်တော်လဲ စာရွက်တစ်ရွက်ယူ ဆက်သွယ်လာတဲ့ သူရဲ့ အမည်၊ ရာထူး၊ ဌာန စသည်ဖြင့်မေး၊ လုပ်ရိုးလုပ်စဉ် လုပ်နေကျ အလုပ်ပါဘဲ၊ ကျွန်တော့ လူကြီးရှိရင် ကျွန်တော့လူကြီးစီ ဖုန်း အင်တာကွန်းနဲ့ ဆက်သတင်းပို့၊ ”အေး၊ ဟုတ်ပြီ၊ ပြောမယ်” ဆိုရင် သူက သူ့အတွင်းဖုန်းလိုင်းကနေ ”ကလစ်” ဆိုပြီး ခလုပ်လေးနှိပ်၊ ကျွန်တော့လူကြီး ဆက်ပြောသွားတာပေါ့။ သူမအားလို့ဘဲဖြစ်ဖြစ်၊ သူမရှိလို့ဘဲဖြစ်ဖြစ်၊ အခြားအကြောင်းတစ်ခုခု ကြောင့် လက်ခံစကားမပြောဖြစ်ရင်လဲ ကျွန်တော်တို့က အဆင်ပြေ.. ပြေသလို ပြောဆိုပြီး၊ ဘာများ Message ပေးစရာရှိပါသလဲ၊ ကျွန်တော် တင်ပြပေးပါ့မယ် စသည်ဖြင့် ယဉ်ကျေး သိမ်မွေ့စွာ ပြောဆိုလာခဲ့ကြတာပါဘဲ။

ဒါပါဘဲ၊ ရိုးရှင်းပါတယ်။

အဲ….အဲဒီရိုးရှင်းတာကို မရှင်းအောင်လုပ်တာ ကျွန်တော်ပါ။

တစ်နေ့ ဖုန်းလာပါတယ်၊ ကျွန်တော့လူကြီးလဲ ရှိတယ်၊ ဆက်သွယ်လာတဲ့သူကို ကျွန်တော့ လူကြီး က လက်ခံ စကားပြောဆိုဖို့ မသင့်တော်သေးတဲ့အချိန်၊ ဒါဌာနက လူတွေအားလုံး သိပါတယ်၊ အဲဒီအချိန်မှာ ကျွန်တော်က အင်တာကွန်း ခလုပ်နှိပ်ပြီး ဆရာခင်ဗျား သူဆက်သွယ် လာပါတယ်၊ စကားပြောမလားလို့ မေးကြည့်ပါလား၊ ကျွန်တော်ကို အမှတ်ပြည့်ပေးမှာပေါ့။ အဲဒီလိုမျိုး အမှတ်ပြည့်ပေးတာတော့ ကျွန်တော်လဲ မလိုချင်ဘူးလေ၊ အဲဒီတော့..အကောင်းဆုံးက ”ဟုတ်ကဲ့..၀မ်းနည်းပါတယ်၊ သူမရှိသေးပါဘူး၊ သူပြန်ရောက်ရင် ခင်ဗျားဆက်တယ်ဆိုတာ ကျွန်တော်ပြောပြပေးပါမယ်၊ ကျွန်တော့စီမှာ ခင်ဗျား ဖုန်းနံပါတ် လည်းရှိပါတယ်၊ အချိန်မရွေး ကျွန်တော် ပြန်ဆက်ပေးလို့ရပါတယ်၊ ဘာညာပေါ့ ” ကောင်းမွန် အောင်ပြော ဖုန်းစကားပြောခွက်ကို ချလိုက်တယ်ပေါ့။


အဲ…ရှာရှည်တဲ့ မိချောင်းသား၊ ဘုန်းကြီးကျောင်းထွက်၊ ဟိုမရောက် ဒီမရောက်က ဒီတင် ဘယ်ပြီးမလဲ၊ ပါးစပ်က ”မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ” … ဆိုပြီး၊ လူကြီး ရှိသားနဲ့ မရှိဘူး လိမ်ပြောလိုက်လို့ ပါစပ်က ပြောမိလိုက်ပါတယ်။ အဲဒါလည်း မေ့မေ့ ပျောက်ပျောက်ပါဘဲ။ ဆက်ကိုယ့်အလုပ်ကို ကိုယ်လုပ်ကြတယ်ပေါ့။

အဲစပါပြီ၊

တစ်နေ့ ဖုန်းလာပါတယ်။ ကျွန်တော်ကိုင်လိုက်တဲ့အချိန်၊ ကျွန်တော့လူကြီး မရှိဘူး။ ကျွန်တော်လည်း Message ယူထားလိုက်ပါတယ်၊ ကျွန်တော့လူကြီး ပြန်လာတော့၊ ဆရာ ဘယ်သူ၊ ဘယ်ဝါ ဆက်ပါတယ်၊ ဘာညာပေါ့၊ ဆရာ မရှိလို့ ဘယ်တော့ ပြန်ဆက်သွယ်ပါလို့ ပြောလိုက်တဲ့ အကြောင်း သတင်းပို့ချိန်၊ ကျွန်တော့လူကြီး ပြန်ပြောတာက ” အေးလေ၊ ရှိမှ မရှိဘဲ ” ၊

ပုံမှန်အားဖြင့် ဆရာပြန်ပြောနေကြက ”အေးအေး၊ နောက်တစ်ကြိမ် ဆက်လာရင် ပြောမယ် ” ဒါမှမဟုတ်… ” ပြန်ခေါ်လိုက်၊ ငါပြောချင်တယ်၊ သူဘာပြောသွားသေးသလဲ”အစရှိသဖြင့်ပါ။ ” အေးလေ၊ ရှိမှ မရှိဘဲ ” မဟုတ်ဘူးလေ၊

နောက်တစ်ကြိမ် ကြုံတဲ့အချိန်လဲ ကျွန်တော့လူကြီးက ” အေးလေ၊ ရှိမှ မရှိဘဲ ”

နောက်တစ်ကြိမ် ကြုံပြန်တော့လဲ ” အေးလေ၊ ရှိမှ မရှိဘဲ၊ မင်းမရှိလို့ မရှိဘူး ပြောလိုက်တာ မဟုတ်လား“

အဲ တစ်ခုခုတော့ မှားပြီထင်………

ကျွန်တော်လဲ တစ်ခုခုတော့ မှားပြီ ထင်တာနဲ့ ပြန် recall လုပ်တာပေါ့၊ လွန်ခဲ့တဲ့ တစ်ရက်၊ နှစ်ရက်၊ တစ်ပတ်……………..

တဖြေးဖြေး တွေးရင်းနဲ့ ရေးရေးပေါ်လာပြီ……….. အဲဒါဘာလဲ ……”မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာ ဒိယာမိ ” ဆိုတာပါဘဲ။

တစ်ချိန်က မေ့မေ့ပျောက်ပျောက် ရွှင်ရွှင်နောက်နောက် ပြောခဲ့တဲ့ ငါးပါးသီလထဲက”မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ” ဆိုတာ လူကြီးနား ပေါက်သွားလေပြီး၊

မုသာဝါဒါ- မဟုတ်မမှန်သော စကားကို ပြောဆိုခြင်းမှ ၊ ဝေရမဏိ သိက္ခာပဒံ- ရှောင်ကြဉ် ကြောင်းဟု ဆိုအပ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- ကောင်းစွာဆောက်တည်ပါ၏ ဆိုတာ ကျွန်တာ့လူကြီး သဘောပေါက်တာတော့ ငယ်ငယ်ထဲက ဖြစ်မယ်ထင်၏။
ယခုမှ နားပေါက်အောင် ပြောတဲ့ လူကိုတော့ ကျွန်တော် မသိ။
ကျွန်တော်ပြောတာ ကြားတဲ့လူဘဲ ဖြစ်မည် ထင်၏။
ဒါကြောင့် ကျွန်တော့လူကြီး ကျွန်တော့ကို အမှတ်ပြည့် ပေးနေခြင်း ဖြစ်ပေ၏။

အခြေအနေကို သုံးသပ် ချင့်ချိန်ကာ ကျွန်တော်လည်း လုပ်သင့်တာ လုပ်ရတော့သည့် ”မျက်ဖြေလင်္ကာ” လည်း မတတ်တော့ ကျွန်တော် တတ်တာလုပ်ရတော့သည် ……

မိတ်ဆွေ ---------

ကျွန်တော်ဘယ်လိုလုပ်တယ်ထင်ပါသလဲ………

(ဆက်လက်ရေးသားတင်ပြပါမည်။)

အဆုံးတိုင် ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။



Monday, March 23, 2009

ဘယ်လိုလဲ ..........သူက

ကျွန်တော်လေ ဒီခေါင်းစဉ်အောက်မှာ စိတ်ထဲရှိတာ ရေးချင်နေတာကြာပါပြီ၊ လွန်ခဲ့တဲ့ နှစ်တွေထဲက ရေးချင်နေတာ၊ ဘယ်လိုရေးရမှန်းမသိလို့ မရေးရဘူး၊ ကျွန်တော် စာရေးချင်တာ၊ စာရေးတတ်ချင်တာကြာပြီ၊ ဓါတ်ပြားဟောင်းကြီး ထပ်ရမယ်ဆိုရင် ကိုယ်ကလည်း ဗဟုသုတမကြွယ်၊ အရေးအသားကလည်း မကောင်းဆိုတော့ မရေးဖြစ်ခဲ့ဘူးလို့ဘဲ ဆိုရမှာပေါ့။ ကိုယ့်အခြေအနေနဲ့ကိုယ်လေ။

ကျွန်တော် ဘလော့ဂ် တွေ လိုက်ဖတ်ဖြစ်ပါတယ်၊ တစ် (တ) ခုသော ဘလော့ဂ် မှာ မှတ်မိသလို ပြန်ပြောရရင် “ဘလော့ဂ် ရေးမယ်ဆိုရင် ကိုယ်ကျွမ်းကျင်တာကိုဘဲ ရေးဖို့။ ကိုယ်ကျွမ်းကျင်တဲ့ နယ်ပယ်ကဏ္ဍ မရှိဘဲနဲ့ ဦးတည်ရာမဲ့ ရေးသားမယ်ဆိုရင် ကိုယ့်အထုပ်ကိုယ် ကိုယ်ဖြေပြသလို အထင်သေးခံရမယ်၊ မရေးတာက ကောင်းမယ်ပေါ့။ ” မှန်ပါတယ်.....။

သို့သော် ကျွမ်းကျင်ရာ မရှိဘဲနဲ့ ရေးချင်နေတာ ကိုယ့်ဆန္ဒလေ၊ မဟုတ်ဘူးလား၊ ကျွန်တော့ရဲ့ Blog Description မှာ ရေးထားတဲ့အတိုင်း ” အင်တာနက်မှာ ဟိုအကြောင်း ဒီအကြောင်းလေးတွေ ရေးချင် လွန်းလို့ နေရာ တစ်နေရာ ယူထားလိုက်တာပါ။ အများသူငှာ ဖတ် မဖတ်တော့ ကျွန်တော် မသိပါ။ လာဖတ်တဲ့သူ ရှိလည်း ထိုသူအား တစ်စုံတစ်ရာ နှစ်သက်ကြည်နူးမှုကို ပေးစွမ်းနိုင်မယ် မထင်ပါ။.......” လို့ အစချီထားတဲ့ အတိုင်း ကိုယ့်ရဲ့ လွတ်လပ်တဲ့အတွေး ဆန္ဒတွေကို ကိုယ်ရေးပြီး၊ ကိုယ့်ဘလော့ဂ်မှာ ကိုယ်တင်၊ ဘယ်သူမှ မဖတ်တောင့် ကိုယ့်ဖာသာကိုယ် ပြန်ဖတ်ရတာပေါ့၊ (တစ်နေရာက ကိုယ်ရေးချင်တာ ရေးတင်ပြီး၊ နောက် တစ်နေရာက ကိုယ့်ဘလော့ဂ်ကိုကိုယ် သွားဖတ်တဲ့လူစား ကျွန်တော်ပါ။)

ကျွန်တော်လည်း ဦးတည်ရာမဲ့နေပြီ ကဲ ....“ ဘယ်လိုလဲ ........ သူက ” ဆိုတာလေး စလိုက်ကြရအောင်.....
(မည်သူကိုမျှ ရည်ရွယ် ရေးသားချင်း မဟုတ်ပါ။ တစ်စုံတစ်ရာ တိုက်ဆိုင်ခဲ့သည်ရှိသော် ထိုသူကို ရည်ညွှန်း ရေးသားခြင်း ဖြစ်ပါသည်။)

ဘယ်လိုလဲ ........ သူက

ဒီမေးခွန်း ”ဘယ်လိုလဲ...သူက ” ကို သူသူငှာငှာ မေးတတ်ကြပါတယ်၊ ကိုယ်နဲ့ ဆက်ဆံရမဲ့သူ၊ ကိုယ်နဲ့ တွေ့ကြုံ ရမဲ့သူ၊ ကိုယ်နဲ့ အတူတွဲလုပ်ရမဲ့သူ၊ ကိုယ်ရှိတဲ့နေရာကို ပြောင်းရွှေ့လာမဲ့သူတစ်ယောက်ရဲ့အကြောင်းကို ကြိုတင် သိရှိရလေအောင် အဲဒီသူကိုသိသူ၊ အတူလုပ်ခဲ့ကိုင်ခဲ့ဖူးတဲ့သူ (third persons) ကို မေးတဲ့မေးခွန်း၊ မေးခိုင်းလို့ မေးရတဲ့ မေးခွန်းလေးပေါ့။ ကျွန်တော်လဲ မေးခဲ့ဖူးပါတယ်၊ မေးခဲ့တဲ့သူ ရှိလို့လဲ ကျွန်တော် ဖြေခဲ့ဖူးပါတယ်၊

ကဲ မေးတဲ့သူ ရှိလို့ ဖြေကြတယ်ဆိုပါစို့.........

ဘယ်လိုလဲ...သူက ”သူလား အေးဆေးဘဲ၊ တစ်နေကုန်နေလို့ အသံတောင်မကြားရဘူး၊ ပုတီးသမားကြီးလေ၊ အရမ်းရိုးတာ”

ဘယ်လိုလဲ...သူက ”သူလား အေးအေးဆေးဆေးပါဘဲ၊ ပျော်တော့ ပျော်တတ်တယ်၊ လူပုစိတ်တိုနော်၊ သတိထား ”

ဘယ်လိုလဲ...သူက ”သူလား ဟော့ဟော့ဒိုင်းဒိုင်းကြီး၊ သောက်လဲ သောက်တတ်တယ်၊ မထင်ရင် မထင် သလိုဘဲ၊ ဒါပေမဲ့ ဘယ်သူကိုမှ ဒုက္ခမပေးပါဘူး ”

ဘယ်လိုလဲ...သူက ”သူလားငမူးနော်၊ သတိထား၊ ကုလားလဲအလွတ်မပေးဘူးတဲ့”

ဘယ်လိုလဲ...သူက ”သူလား အရမ်းတော်တာ၊ အင်္ဂလိပ်စာလဲကောင်းတယ်၊ စိတ်ချရတယ်၊ လူကောင်း တစ်ယောက် ရတာပေါ့။ စွံတော့စွံတယ်နော် ” ................ အစရှိသဖြင့်

ဖြေတာ တွေတော့ အများကြီး ရှိမှာပေါ့ဗျာ၊ အမေးခံရတဲ့လူရဲ့ အခြေအနေအပေါ်မှာ မူတည်ပြီး အဲဒီ third persons ကတော့ ဖြေမှာပေါ့။ သူမြင်တဲ့ သူ့အတွေး၊ သူ့ရှု့ဒေါင့်က ပြောမှာဘဲလေ၊ မထင်ရင် မထင်သလို၊ သူ့စိတ်ကူးနဲ့သူ တစ်ဖက်လူအပေါ် သုံးသပ်ဝေဖန် ပြောမှာပါ။ မှန်ရင်လဲ မှန်မယ်၊ မှားရင်လဲ မှားမယ်ပေါ့။

မေးတဲ့သူ အနေနဲ့လည်း ရလာတဲ့ သတင်းပေါ်မှာ သုံးသပ်ရမှာပေါ့၊ လက်ရှိအတူတွဲလုပ်နေတဲ့သူတွေရဲ့ အမြင်၊ အခြားနည်းလမ်းက ရတဲ့သတင်း စုပေါင်းပြီးထည့်တွက်၊ အဲဒီလိုနဲ့ ခြုံငုံပြီးမှ အဲဒီလူအပေါ်မှာ ကိုယ့်ရဲ့ ကိုယ်ပိုင်သုံးသပ်ချက်အမြင်ကို ကောက်ချက်ဆွဲ ချရမှာ။

ကျွန်တော့အနေနဲ့ ပထမဆုံး third persons ရဲ့ အဖြေကဏ္ဍကို စပြောချင်ပါတယ် ....

တစ်ယောက်သောသူရဲ့ သတင်းအပေါ် မိမိကို စုံစမ်းမေးမြန်လာလျှင် ...

(၁) အလျှင်စလို မဖြေကြားပါနဲ့။

(၂) ဂဃနဏသိအောင် အရင်လုပ်ပါ။

(၃)အကောင်းကိုလည်း ပို၍ချီးကျူးရာ မကျအောင်၊ အဆိုးကိုလည်း ပို၍ နစ်မွန်းရာ မရောက်အောင်ဖြေကြားပါ။

(၄) အဆိုးကိုလည်း ပြောပြပါ။

(၅) အကောင်းကိုလည်း မချန်ထားပါနဲ့။

(၆) မေးမြန်းခံရသူနှင့်ညီမျှတဲ့ စံနှုန်းတစ်ခုရှိရမည်ကို သင့်မမေ့ပါနဲ့။

(၇)သင်သည်အကြားအမြင်ဗေဒင်ဆရာတစ်ဦး မဟုတ်သလို၊ ၎င်းသည်လည်း သင်အဟောခံဗေဒင်အမေး ရောက်လာသူ မဟုတ်ပါ။

(၈)သင့်၏အဖြေစကားသည်တစ်ဖက်သားသူအတွက် ကံကြမ္ဖာအဆုံးအဖြတ် မဟုတ်သည်ကို သင်သတိထားပါ။

(၉)”နှုတ်၏ဆောင်မခြင်း” ဟူသည့် မင်္ဂလာတရားနှင့်အညီ ကျင့်ကြံပါ။

(၁၀)မေးမြန်းသူနှင့် မေးမြန်းခံရသူတို့အနေဖြင့် တစ်ဦးနှင့်တစ်ဦးအတူတကွ ထိတွေဆက်ဆံ လုပ်ကိုင်ပြီးပါက တစ်ယောက်အကြောင်း တစ်ယောက် သိကြမည်မှာ မလွဲပင်၊ ယင်းအချိန်တွင် သင်၏အဖြေစကားသည် လိုတော့မည် မဟုတ်သည်ကို သင်ကြိုတင် သိရှိထားရန် လိုပေမည်။


တစ်ယောက်သောသူရဲ့ သတင်းကို မိမိမေးမြန်းမည်ဆိုလျှင် -


(၁) သူတစ်ပါးအကြောင်း မမေးမြန်းမှီ မိမိကိုယ်မိမိ ဆင်ခြင်သုံးသပ်ပါ။

(၂) ကြားသိရသော အဖြေစကား မှန်ကန်သည်ဟု တထစ်ချ မယုံကြည်ပါနဲ့။

(၃) မိမိသိလိုသူအကြောင်း မိမိမေးမြန်း၍ ဖြေကြားသူတို့ အကြားရှိ ဆက်ဆံရေးကို ထည့်တွက်ပါ။

(၄) အစွန်း နှစ်ပါးကို ရှောင်ပါ။

(၅) မိမိစိတ်ကို အရောင်မဆိုးပါနဲ့


အခု နောက်ဆုံး မေးမြန်းခံရသူဖက်က ဆိုပါစို့ -


(၁) မည်သူမပြု မိမိမူ ဆိုတာကို လက်ခံပါ။

(၂) သင့်မှာ မျက်လုံး နှစ်လုံးဘဲရှိသည်။ သင့်အား မျက်လုံးများစွာ စောင့်ကြည့်နေသည်ကို ဂရုပြုပါ။

(၃) ကာလံ ဒေသံ အဂ္ဃံ ဓနံ ဆိုသည့် စကားနှင့်အညီ ကျင့်ကြံပါ။

(၄) သင်ကောင်းကောင်း၊ မကောင်းကောင်း ကျွန်ုပ်မဆိုးပါလို့ ခံယူ ကျင့်သုံးပါ။

(၅) အသေးအဖွဲဟူသည် မရှိ ဟူသည်ကို အစဉ် နှလုံးသွင်းပါ။

(အခု ဒီနောက်ဆုံး ”အသေးအဖွဲဟူသည်မရှိ” ဆိုတာနဲ့ပတ်သက်လို့ ကျွန်တော် ရေးချင်တာရှိတယ်၊)


ကျွန်တော်ကတော့လေ ဘယ်သူရောက်လာလာ၊ ဘယ်လိုလူမျိုးဘဲဖြစ်ဖြစ် စိတ်ထဲမှာ ဘာမှ မရှိဘူး၊ ကျွန်တော် ခံယူထားတာ တစ်ခုတော့ရှိတယ်...ကိုယ်ကောင်းရင် လူကောင်းနဲ့ တွေ့မယ်၊ ကိုယ်ဆိုးရင် လူဆိုးနဲ့တွေ့မယ် ဆိုတာပါဘဲ၊ လူဆိုးတွေနဲ့ဘဲ တွေ့ခဲ့တဲ့သူဆိုရင်လည်း သူဆိုးလို့လို့ ကျွန်တော်မပြောပါဘူး၊

ကိုယ်ကောင်းလို့ သူမကောင်းရင်လဲ ဘာမှမဖြစ်ပါဘူး၊ ကိုယ့်အလုပ် ကိုယ်လုပ်ကြတာဘဲ၊ အေးနောက်ဆုံး မဖြစ်တော့လို့ မခံနိုင်တော့ရင်လည်း သိတယ်နော် ကျောက်ပန်းတောင်းသား ၊

အေး အဲဒါဘာဖြစ်လဲ ကျောက်ပန်းတောင်းသား. ?၊

အော်မဟုတ်ပါဘူး၊ ထန်းလျက် မျိုးစုံစားဖူးတယ်လို့ ပြောချင်တာပါ .....ဟဲဟဲ.....ထညက် ထညက် ထညက်...သိတယ်နော်..... စားသွားပါအုံးနော် ထညက်လေး...
(ရေးချင်တာရေးထားတာပါ၊ အဆုံးတိုင်ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊)




အထင်သေးခံရန် အသင့်