ဝါသနာအရ လုပ်ကြည့်နေသည့် ဘလော့ဂ် တစ်ခုသာ ဖြစ်ပါသည်။

Monday, June 22, 2009

Spanish Steps

ကျွန်တော်(၂၀-၆-၂၀၀၉)ရက်နေ့က လမ်းမလျှောက်ဖြစ်တာနဲ့ Piazza del Popolo၊ Spanish Steps နဲ့ Trevi Fountain နေရာတွေစီကို လမ်းလျှောက်ဖြစ်တယ်၊

ကျွန်တော့ကားလေးကို Via Flaminia မှာရပ်ထားခဲ့တယ်၊ Via Flaminia ဆိုတဲ့ လမ်းဟာ Piazza del Popolo ရဲ့အ၀င်ဝလို့ဘဲပြောရမှာပါ၊ ကျွန်တော်ဧည့်သည် တစ်ယောက်ကို ရောမမြို့မှာ ကားမောင်းမကျွမ်းကျင်တုံးက ဒီ Via Flaminia ကနေ Piazza Venezia ထိ အသွားအပြန် လမ်းလျှောက်ခေါ်သွားဖူးတယ်၊ ဧည့်သည်ခင်ဗျာ ဖိနပ်ပေါက်ပြီး၊ လမ်းတောင် ကောင်းကောင်း မလျှောက်နိုင်ဘူး၊

ကျွန်တော် ဧည့်သည်ကို ဒီ Piazza del Popolo ဟာ ရှေးရာစုနှစ်က အများပြည်သူ ရှေ့မှာ သေဒဏ်စီရင်တဲ့ နေရာ၊ ၁၈၂၆ က နောက်ဆုံး သေဒဏ်စီရင် ခဲ့တယ်လို့ ကျွန်တော် ပြောပြတော့ အထင်ကြီးသွားပုံ ရတယ်၊ နောက်ဆက် မေးတာ မသိတာကများတော့ သူလည်း မမေးတော့ဘူး၊ ကျွန်တော်လည်း တစ်ယောက်ထဲ သူမမြင်အောင် ပြုံးမိခဲ့တယ်၊

ကျွန်တော် ပထမဆုံး Spanish Steps ကို အရင်လမ်းလျှောက်တယ်၊ Piazza di Spagna ပေါ့၊ အီတလီလိုတော့ Scalinata della Trinità dei Monti လို့ခေါ်ပါတယ်၊ ဒီ Spanish Steps ဟာ Spagna ရင်ပြင်ကနေ ဘုရားကျောင် Trinità dei Monti ကိုတက်ဖို့ လှေကားပါ၊ The Spanish Steps are a set of steps in Rome, Italy လို့ဆိုပါတယ်၊ Spanish Steps မှာ ကျွန်တော် ရိုက်ခဲ့တဲ့ ဓါတ်ပုံလေးတွေ အားပေးပါ ခင်ဗျာ …


ကျွန်တော် ဒီအပေါ်ကပုံကို အောက်ကပုံလိုဖြစ်အောင် နဲနဲ Lighting ကို ကလိထားတာပါ၊ ဒီထက် စိတ်ဝင်စားဖွယ် ကောင်းအောင် လုပ်ချင်ပါတယ်၊ မတတ်လို့ လေ့လာနေပါတယ်၊ လမ်းညွှန်ပေးနိုင်ရင် သင်ကြားမှုကို ခံယူလိုပါတယ်၊

ဒီ Scalinata ဟာ လှေကား ထစ်ပေါင်း ၁၃၈ ထစ်ရှိတဲ့၊ ဥရောပမှာ အရှည်ဆုံး၊ အကျယ်ဆုံး လှေကားကြီးလို့ ဆိုပါတယ်၊ ခရီးသွားတွေဟာ ဒီလှေကားပေါ်မှာ ထိုင်ကြတယ်၊ လာထိုင် ကြတာ ဆိုရင် ပိုမှန်မယ်၊


လှေကားရင်းက လှေကြီး
ဒီမှာတော့ ပိုက်ဆံအကြွေ Coin မပစ်ကြဘူးနော်၊ Coin ပစ်တဲ့နေရာက Trevi Fountain မှာပါ၊ ကျွန်တော် နောက်နေ့မှ မိတ်ဆွေတို့ကို Trevi Fountain အကြောင်း ဆက်ပြောပြမယ်၊ ဒီနေ့တော့ ဒီလောက်နဲ့ ကျေနပ် ပါလို့ ...
ခင်မင်စွာဖြင့်

Tuesday, June 16, 2009

ကျေးဇူး

အခုလို လာရောက်လည်ပတ်တဲ့ ကျွန်တော့ရဲ့မိတ်ဆွေများကို ကျေးဇူးတင်ပါတယ်၊ အခုတော့ အောက်က ဓါတ်ပုံလေးကို အားပေးပါနော်၊

မိတ်ဆွေများ ရောက်ရှိလာတဲ့အတွက်တော့ဝမ်းသာပါတယ်၊ ကိုယ့်ဘလော့ဂ် က ဘာမှမဟုတ်တော့ အားငယ်မိတယ်၊ (ညိုမြ လုပ်တာပါ၊ ရုပ်ကြမ်းကြီးနဲ့ နွဲ့ကြည့်တာ။)


ကျွန်တော် ဗင်းနစ် ရောက်တုံးက လမ်းကြားတစ်ခုရဲ့ဒေါင့်မှာ ဘာကောင်မှန်းမသိတာနဲ့ ရိုက်ထားတာပါ၊ အိမ်တွေကို သံချောင်းတွေနဲ့ ဟိုဒီ နှစ်ဖက်ချုပ်ထားတယ်၊ အဲဒီချုပ်ထားတဲ့ သံချောင်းရဲ့ အပြင်ပိုင်းကို အလှဆင်ထားတာလား၊ ဒါမှမဟုတ် သီးခြားတပ်ထားတာလား၊



Tuesday, June 2, 2009

ကျီးနှင့် ဇီးကွက်

တစ်နေ့ ကျွန်တော် သတင်းစာ ဖတ်နေရင်း

တူမလေး စနိုး က အနားကပ်လားပြီး ဘဘ၊ ဘဘ .... လို့ခေါ်ကာ ... ကျီးကန်း က ဘာလို့ မဲတာလဲ လို့ မေးလားတယ်၊

ကျွန်တော် လဲ တော်တော် အဖြေရ ခက်တယ် ... မဲချင်လို့ မဲတာပေါ့ လို့ ဖြေမလို့ဘဲ၊ ကလေးဆိုတော့ သူလက်ခံအောင် ဘယ်လိုဖြေရမလဲ စဉ်းစားနေမိတယ်၊

ဒါနဲ့ ကျွန်တော်လည်း အမေးကို အမေးနဲ့ဘဲ အဆုံးသတ်မှလို့ စဉ်းစားမိတာနဲ့ ... နိုနို ရော ကျွဲဘာလို့ မဲလဲ ဆိုတာ သိလား လို့ ပြန်မေးလိုက်တယ်၊ အဲဒီတော့ မသိဘူး ဘဘတဲ့၊ အေး ဘဘ လည်း ကျီးကန်း ဘာလို့ မဲတယ်ဆိုတာတော့ ဘယ်သိမလဲ ကလေးရယ်လို့ ပြန်ပြောလိုက်ရတယ်။

ဒါနဲ့ မပြီးသေးဘူး၊ ဘဘ၊ ဘဘ ဇီးကွက်က ဘာလို့ မျက်လုံးပြူးတာလဲ၊ အင်း ခက်ချေပြီ၊
ကဲ နိုနို ရေ၊ ဘဘလဲ သတင်းစာ ဖတ်တာ ကောင်းကောင်းမဖတ်ရဘူး၊
သမီးကို ဘဘ ပုံပြောပြမယ် ” ကျီးနဲ့ ဇီးကွက် ပုံပြင် ” သမီး ဘဘ ပုံပြောပြပြီးရင် သွားကစားတော့နော် လို့ အဆုံးသတ်လိုက်ရတယ် ....

ကျွန်တော်လည်း ဖတ်ဖူးတဲ့ ကျီးနဲ့ဇီးကွက် အကြောင်းလေးကို ပြောပြလိုက်တယ်၊

ကလေးနားလည်လား၊ နားမလည်လားတော့ မသိပါ၊ ပုံပြင်လေးကတော့ ဒါပါဘဲကွယ် လို့ ဆိုတော့ ကလေးလည်း ကျေနပ်သွားတယ်၊ သွားကစားလေရဲ့ ...

ကျွန်တော်ပုံပြင်လို ပြောလိုက်တာ အကြောင်းလေးက အောက်မှာပါ ...........



ဦးဝန်နှင့် ဦးဘ ရေးသည့် ပဌမတန်းမြန်မာဖတ်စာ ဖတ်စာ (၁၃) ဖြစ်ပါသည်။ ယင်းစာအုပ်အား http://www.elibrary.net.mm/ မှ ရယူ ဖတ်ရှုပါသည်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။