ကျွန်တော် တစ်ချိန်က ဌာနမှာ အမြင့်ဆုံးတာဝန် ထမ်းဆောင်သွားတဲ့ သူတစ်ယောက်ရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်စဉ်…
တစ်နေ့…
ကျွန်တော်ဖုန်းလာလို့ ကိုင်လိုက်တဲ့အချိန်…… တစ်ယောက်သောသူက ကျွန်တော့ လူကြီးနဲ့ စကားပြောချင်လို့၊ ဘယ်သူဘယ်ဝါပေါ့၊ ကျွန်တော်လဲ စာရွက်တစ်ရွက်ယူ ဆက်သွယ်လာတဲ့ သူရဲ့ အမည်၊ ရာထူး၊ ဌာန စသည်ဖြင့်မေး၊ လုပ်ရိုးလုပ်စဉ် လုပ်နေကျ အလုပ်ပါဘဲ၊ ကျွန်တော့ လူကြီးရှိရင် ကျွန်တော့လူကြီးစီ ဖုန်း အင်တာကွန်းနဲ့ ဆက်သတင်းပို့၊ ”အေး၊ ဟုတ်ပြီ၊ ပြောမယ်” ဆိုရင် သူက သူ့အတွင်းဖုန်းလိုင်းကနေ ”ကလစ်” ဆိုပြီး ခလုပ်လေးနှိပ်၊ ကျွန်တော့လူကြီး ဆက်ပြောသွားတာပေါ့။ သူမအားလို့ဘဲဖြစ်ဖြစ်၊ သူမရှိလို့ဘဲဖြစ်ဖြစ်၊ အခြားအကြောင်းတစ်ခုခု ကြောင့် လက်ခံစကားမပြောဖြစ်ရင်လဲ ကျွန်တော်တို့က အဆင်ပြေ.. ပြေသလို ပြောဆိုပြီး၊ ဘာများ Message ပေးစရာရှိပါသလဲ၊ ကျွန်တော် တင်ပြပေးပါ့မယ် စသည်ဖြင့် ယဉ်ကျေး သိမ်မွေ့စွာ ပြောဆိုလာခဲ့ကြတာပါဘဲ။
ဒါပါဘဲ၊ ရိုးရှင်းပါတယ်။
အဲ….အဲဒီရိုးရှင်းတာကို မရှင်းအောင်လုပ်တာ ကျွန်တော်ပါ။
တစ်နေ့ ဖုန်းလာပါတယ်၊ ကျွန်တော့လူကြီးလဲ ရှိတယ်၊ ဆက်သွယ်လာတဲ့သူကို ကျွန်တော့ လူကြီး က လက်ခံ စကားပြောဆိုဖို့ မသင့်တော်သေးတဲ့အချိန်၊ ဒါဌာနက လူတွေအားလုံး သိပါတယ်၊ အဲဒီအချိန်မှာ ကျွန်တော်က အင်တာကွန်း ခလုပ်နှိပ်ပြီး ဆရာခင်ဗျား သူဆက်သွယ် လာပါတယ်၊ စကားပြောမလားလို့ မေးကြည့်ပါလား၊ ကျွန်တော်ကို အမှတ်ပြည့်ပေးမှာပေါ့။ အဲဒီလိုမျိုး အမှတ်ပြည့်ပေးတာတော့ ကျွန်တော်လဲ မလိုချင်ဘူးလေ၊ အဲဒီတော့..အကောင်းဆုံးက ”ဟုတ်ကဲ့..၀မ်းနည်းပါတယ်၊ သူမရှိသေးပါဘူး၊ သူပြန်ရောက်ရင် ခင်ဗျားဆက်တယ်ဆိုတာ ကျွန်တော်ပြောပြပေးပါမယ်၊ ကျွန်တော့စီမှာ ခင်ဗျား ဖုန်းနံပါတ် လည်းရှိပါတယ်၊ အချိန်မရွေး ကျွန်တော် ပြန်ဆက်ပေးလို့ရပါတယ်၊ ဘာညာပေါ့ ” ကောင်းမွန် အောင်ပြော ဖုန်းစကားပြောခွက်ကို ချလိုက်တယ်ပေါ့။
အဲ…ရှာရှည်တဲ့ မိချောင်းသား၊ ဘုန်းကြီးကျောင်းထွက်၊ ဟိုမရောက် ဒီမရောက်က ဒီတင် ဘယ်ပြီးမလဲ၊ ပါးစပ်က ”မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ” … ဆိုပြီး၊ လူကြီး ရှိသားနဲ့ မရှိဘူး လိမ်ပြောလိုက်လို့ ပါစပ်က ပြောမိလိုက်ပါတယ်။ အဲဒါလည်း မေ့မေ့ ပျောက်ပျောက်ပါဘဲ။ ဆက်ကိုယ့်အလုပ်ကို ကိုယ်လုပ်ကြတယ်ပေါ့။
အဲစပါပြီ၊
တစ်နေ့ ဖုန်းလာပါတယ်။ ကျွန်တော်ကိုင်လိုက်တဲ့အချိန်၊ ကျွန်တော့လူကြီး မရှိဘူး။ ကျွန်တော်လည်း Message ယူထားလိုက်ပါတယ်၊ ကျွန်တော့လူကြီး ပြန်လာတော့၊ ဆရာ ဘယ်သူ၊ ဘယ်ဝါ ဆက်ပါတယ်၊ ဘာညာပေါ့၊ ဆရာ မရှိလို့ ဘယ်တော့ ပြန်ဆက်သွယ်ပါလို့ ပြောလိုက်တဲ့ အကြောင်း သတင်းပို့ချိန်၊ ကျွန်တော့လူကြီး ပြန်ပြောတာက ” အေးလေ၊ ရှိမှ မရှိဘဲ ” ၊
ပုံမှန်အားဖြင့် ဆရာပြန်ပြောနေကြက ”အေးအေး၊ နောက်တစ်ကြိမ် ဆက်လာရင် ပြောမယ် ” ဒါမှမဟုတ်… ” ပြန်ခေါ်လိုက်၊ ငါပြောချင်တယ်၊ သူဘာပြောသွားသေးသလဲ”အစရှိသဖြင့်ပါ။ ” အေးလေ၊ ရှိမှ မရှိဘဲ ” မဟုတ်ဘူးလေ၊
နောက်တစ်ကြိမ် ကြုံတဲ့အချိန်လဲ ကျွန်တော့လူကြီးက ” အေးလေ၊ ရှိမှ မရှိဘဲ ”
နောက်တစ်ကြိမ် ကြုံပြန်တော့လဲ ” အေးလေ၊ ရှိမှ မရှိဘဲ၊ မင်းမရှိလို့ မရှိဘူး ပြောလိုက်တာ မဟုတ်လား“
အဲ တစ်ခုခုတော့ မှားပြီထင်………
ကျွန်တော်လဲ တစ်ခုခုတော့ မှားပြီ ထင်တာနဲ့ ပြန် recall လုပ်တာပေါ့၊ လွန်ခဲ့တဲ့ တစ်ရက်၊ နှစ်ရက်၊ တစ်ပတ်……………..
တဖြေးဖြေး တွေးရင်းနဲ့ ရေးရေးပေါ်လာပြီ……….. အဲဒါဘာလဲ ……”မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာ ဒိယာမိ ” ဆိုတာပါဘဲ။
တစ်ချိန်က မေ့မေ့ပျောက်ပျောက် ရွှင်ရွှင်နောက်နောက် ပြောခဲ့တဲ့ ငါးပါးသီလထဲက”မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ” ဆိုတာ လူကြီးနား ပေါက်သွားလေပြီး၊
မုသာဝါဒါ- မဟုတ်မမှန်သော စကားကို ပြောဆိုခြင်းမှ ၊ ဝေရမဏိ သိက္ခာပဒံ- ရှောင်ကြဉ် ကြောင်းဟု ဆိုအပ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- ကောင်းစွာဆောက်တည်ပါ၏ ဆိုတာ ကျွန်တာ့လူကြီး သဘောပေါက်တာတော့ ငယ်ငယ်ထဲက ဖြစ်မယ်ထင်၏။

ယခုမှ နားပေါက်အောင် ပြောတဲ့ လူကိုတော့ ကျွန်တော် မသိ။
ကျွန်တော်ပြောတာ ကြားတဲ့လူဘဲ ဖြစ်မည် ထင်၏။
ဒါကြောင့် ကျွန်တော့လူကြီး ကျွန်တော့ကို အမှတ်ပြည့် ပေးနေခြင်း ဖြစ်ပေ၏။
အခြေအနေကို သုံးသပ် ချင့်ချိန်ကာ ကျွန်တော်လည်း လုပ်သင့်တာ လုပ်ရတော့သည့် ”မျက်ဖြေလင်္ကာ” လည်း မတတ်တော့ ကျွန်တော် တတ်တာလုပ်ရတော့သည် ……
မိတ်ဆွေ ---------
ကျွန်တော်ဘယ်လိုလုပ်တယ်ထင်ပါသလဲ………
(ဆက်လက်ရေးသားတင်ပြပါမည်။)

အဆုံးတိုင် ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။
0 Comments:
Post a Comment